International News

ဒူဘိုင်းစီးပွားရေးဖိုရမ်တွင် ကမ္ဘာ့စီးပွားရေး၏အနာဂတ်ကို စူးစမ်းလေ့လာမည်ဖြစ်ပြီး ယူအေအီးနိုင်ငံ၏ ကမ္ဘာ့အဆင့်စီးပွားရေးပတ်ဝန်းကျင်ကို မီးမောင်းထိုးပြသသွားမည်

Last Updated:

ဒူဘိုင်းကုန်သည်ကြီးများအသင်းသည် ဒူဘိုင်းစီးပွားရေးဖိုရမ်၏အဖွင့်ပထမဆုံးအဖြစ် အနာဂတ်စီးပွားရေးကို ပုံဖော်သွားရန်အတွက် နိုင်ငံ့အကြီးအကဲများ၊ အစိုးရအရာရှိများ၊ အကြီးတန်းစီးပွားရေးခေါင်းဆောင်များနှင့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူ များကို ကြိုဆိုရန်ပြင်ဆင်လျက်ရှိပါသည်။ ထိုကဲ့သို့ စိတ်အားထက်သန်စွာဖြင့် မျှော်လင့်ထားသည့်ဖိုရမ်ကို 'စီးပွားရေးစွမ်းအားကို ကူးပြောင်းခြင်း-ဒူဘိုင်းနှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု၏အနာဂတ်' ဟူသောဆောင်ပုဒ်ဖြင့် နိုဝင်ဘာလ ၁ ရက်မှ ၂ ရက်နေ့အထိ ဒူဘိုင်းမြို့ရှိ Madinat Jumeirah တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း Emirates247 သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

ယူအေအီးနိုင်ငံ၊ ဒုတိယသမ္မတနှင့် ဝန်ကြီးချုပ် Sheikh Mohammed bin Rashid Al Maktoum ၏လမ်းညွှန်မှုဖြင့် ကျင်းပသည့်အဆိုပါဖိုရမ်ကို ကမ္ဘာတဝှမ်းရှိအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ အဓိကပါဝင်ပတ်သက်သူများကို စုစည်းကာ မဟာဗျူဟာမြောက်စီးပွားရေးမိတ်ဖက်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာကွန်ရက်များ တည်ဆောက်နိုင်ရန်၊ စီးပွားရေး၊ ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် နယ်ပယ်အသစ်များကို ရှာဖွေနိုင်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

ယခင်က ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖိုရမ်ဟု လူသိများသော ဒူဘိုင်းစီးပွားရေးဖိုရမ်သည် ဒူဘိုင်းစီးပွားရေးအစီအစဉ်(D33)၏ ရည်မှန်းချက်များအောင်မြင်ရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mohammad Ali Rashed Lootah က “စီးပွားရေးအခင်းအကျင်းအနာဂတ်ကို ပုံဖော်ရာတွင် ပညာရှိသော ခေါင်းဆောင်မှု၏အမြင်နှင့်အညီ ယူအေအီး၏ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် ကြိုးပမ်းရာတွင် သက်ဆိုင်သူအားလုံး၏ ပူးပေါင်းပါဝင်မှုကို လိုအပ်ကြောင်း” ပြောကြားခဲ့ပါသည်။

ဒူဘိုင်းစီးပွားရေးဖိုရမ်သည် ယူအေအီးနိုင်ငံ၏စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို တွန်းအားပေးရာတွင် ၎င်းတို့၏ ကြိုးပမ်းမှုအစိတ်အပိုင်းတစ်ရပ်အဖြစ် ရောက်ရှိလာပြီး ဒူဘိုင်း၏ရည်မှန်းချက်ကြီးသော စီးပွားရေးအစီအစဉ်မှ ဖန်တီးထားသည့်စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းများကို ကုမ္ပဏီများမှရရှိစေအတွက် လမ်းခင်းပေးထားကြောင်း ဖိုရမ်တွင် ကမ္ဘာတစ်ဝှမ်းမှ အဓိကပါဝင်လုပ်ဆောင်ကြသူများစုပေါင်းပြီး ကွန်ယက်ချိတ်ဆက်ခြင်း၊ မိတ်ဖက်များရှာဖွေခြင်းနှင့် အရေးကြီးသော သဘောတူညီချက်များကို ဖန်တီးခြင်းများအား ဆောင်ရွက်သွားမည်ဖြစ်ပြီး ဤစီးပွားရေးဖိုရမ်ကြီးတွင် ထိပ်တန်းစီးပွားရေးမြို့တော်တစ်ခုအဖြစ် ဒူဘိုင်း၏ဂုဏ်သိက္ခာရှိမှုကို ပိုမိုခိုင်မာလာစေရန်နှင့် ပိုမိုသာယာဝပြောသောအနာဂတ်ကိုပုံဖော်၍ ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းကို အားကောင်းစေမည်ဖြစ်ကာ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် တိုးတက်မှုအတွက် နယ်ပယ်သစ်များဖွင့်ပေးမည့် စိတ်အားထက်သန်သော အပြန်အလှန်ဆွေးနွေးမှုများကို လက်ခံကျင်းပသွားရန် မျှော်လင့်ထားပါကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေး၏ထိပ်တန်းမြို့တော်တစ်ခုအဖြစ် ဒူဘိုင်း၏ကြီးထွားလာနေသောအနေအထားကို နောက်ခံပြုကာ အဆိုပါဖိုရမ်သည် နည်းပညာကဏ္ဍ၊ လက်လီရောင်းချမှု၊ ငွေကြေးကဏ္ဍ၊ ခရီးသွားလာမှုကဏ္ဍ၊ ဧည့်ဝန်ဆောင်မှုကဏ္ဍ၊ အိမ်ခြံမြေနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများအပါအဝင်ကဏ္ဍအသီးသီးတွင် အဓိကပါဝင်ဆောင်ရွက်ကြသူများကို စုစည်းပေးသွားမည် ဖြစ်ပါသည်။ စီးပွားရေးဖိုရမ်ကြီးသည် စီးပွားရေးလုပ်ငန်းအနာဂတ်ကို ပုံဖော်ရန်ရည်ရွယ်၍ ထဲထဲဝင်ဝင်ရှိသည့် ဆွေးနွေးမှုများနှင့် အပြန်အလှန်အကျိုးပြုသည့် ဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်သည်။

ဒူဘိုင်းသည် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုအတွက် တံခါးပေါက်တစ်ခုအဖြစ် ၎င်း၏ ဗျူဟာမြောက်တည်နေရာတွင် တည်ရှိနေသောကြောင့် ယခုကဲ့သို့သောစီးပွားရေးဖိုရမ်ကြီးတစ်ခု ကျင်းပရန်အတွက် စံပြနေရာကောင်းတစ်ခုဖြစ်ပါသည်။ ယူအေအီးသည် ဆန်းသစ်တီထွင်မှုနှင့် မိတ်ဖက်များအတွက် ထိပ်တန်းဒေသတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရပြီး ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို တွန်းအားပေးသည့် ကမ္ဘာ့တိုက်ကြီးများကို ချိတ်ဆက်ပေးသည့် တံတားတစ်ခုအဖြစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဒူဘိုင်းစီးပွားရေးဖိုရမ်သည် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်ပေးမည့် အဓိကပါဝင်ဆောင်ရွက်ကြသူများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သွက်လက်မြန်ဆန်စေမည့် လမ်းကြောင်းကို ဖန်တီးပေးထားပါသည်။ အဆိုပါပွဲသည် နိုင်ငံ တကာကုမ္ပဏီများနှင့် ယူအေအီးသို့ ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ခြင်း၊ ပစ်မှတ်ထားသည့်ကမ္ဘာ့ဈေးကွက်များတွင် ပြည်တွင်း ကုမ္ပဏီများကို တိုးချဲ့လာစေခြင်းနှင့် ဒူဘိုင်း၏ နှစ်သက်ဖွယ်ကောင်းသော စီးပွားရေးပတ်ဝန်းကျင်ကို မြှင့်တင်ခြင်းတို့အပါ အဝင် ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ မဟာဗျူဟာဆိုင်ရာ ဦးစားပေးအစီအစဉ်များနှင့် လိုက်လျောညီထွေစွာဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ ဒူဘိုင်းစီးပွားရေးဖိုရမ်ကို Madinat Jumeirah တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ  1 - 2 ရက်နေ့များတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပါဝင်တက်ရောက်ရန်အတွက် register. dubaibusinessforum.com တွင် စာရင်းသွင်းနိုင်မည်ဖြစ်ပါသည်။

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒုဘိုင်းမြို့)

Category: International News